နှင်းတောထဲက ကျွန်မရဲ့ သူ အကြောင်း (၂)
အဲဒီညက ကောင်းကင်မှာ ကြယ်တွေ လင်းလက်နေတယ် ။ ကြယ်တွေကြားမှာ ၀ိုင်းစက်စွာ အထင်ကရ ရှိလှတဲ့ လမင်းကို ငေးကြည့်နေတဲ့ သူ့ ကို အဝေးတနေရာကနေ ကျွန်မ ငေးကြည့်နေမိတယ် ။ သူ နဲ့ မလှမ်းမကမ်းမှာ ကျွန်မပြန်ရောက်နေပြီဆိုတာ သူကတော့ သိနိုင်မှာမဟုတ်ပါဖူး ။ ဘီယာဗူးတလုံးကို ခပ်လေးလေး လှမ်းယူလိုက်ပြီး ၊ အချိန်တော်တော်ကြာအောင် သူ မော့သောက်လိုက်တယ် ။ ပြီးတော့ ကောင်းကင်ကို ရီဝေတဲ့မျက်လုံးတွေနဲ့ သူ မော့ကြည့်တယ် ။ ကျွန်မရော အဲဒီညက သူ့ လိုပဲ အဲဒီကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမလားလို့ သူ စဉ်းစားနေတာများလား ။
တကယ်က သူ့ အမြင်ရပ်ဝန်းကနေ ကျွန်မ ကိုယ်ယောင်ဖျောက်ပြီးနေတဲ့ရက်တွေ လက်ချိုးရေလို့ မရတော့လောက်အောင်ပဲ ။ တခါတလေ သူ့  အိမ်မှာ အစိမ်းရောင်မီးလုံးလေး ထွန်းထားတာ တွေ့ ရတယ် ။ တခါတလေကျတော့လည်း အ၀ါရောင်မီးလုံးကို ပြောင်းလဲ တပ်ဆင်ထားတတ်တယ် ။ အလွမ်းတွေနဲ့ ကြိုးငြိထားပုံရတဲ့ သူ့  ဂစ်တာသံသဲ့သဲ့ကို တ၀က်တပျက် ကြားရတတ်တယ် ။ တခါတလေတော့လည်း ညနေခင်းဆည်းဆာအောက် သူ့ အိမ်နားက ပန်းခြံလေးထဲ သူ ပန်းချီဆွဲနေတတ်တယ် ။ နီရဲတောက်ပနေတဲ့ နေမင်းရဲ့တနေ့တာ နောက်ဆုံးချိန်ဟာ သူ့ မျက်နှာပေါ်က ခံစားချက်တွေကို ဖုံးအုပ်ထားလိုက်သလိုပဲ ။ ဒါမှမဟုတ် တကယ်ပဲ သူ့ မှာ ခံစားချက် မရှိတော့တာလည်း ဖြစ်နိုင်တယ် ။ သူ့ မျက်နှာဟာ ပကတိ တည်ငြိမ်နေတယ် ။ ဒါ့အပြင် စူးရှနေသလိုပဲ ။
“မင်းရဲ့ အသည်းနှလုံးမကောင်းရင် ငါ့အသည်းကိုတောင် ဖြုတ်ပေးဖို့ ၀န်မလေးဘူးဆိုတာ မင်းသိရဲ့လား” လို့ သူ မေးတုန်းက သူ့ ကို မော့ကြည့်မိတဲ့ ကျွန်မမျက်ဝန်းတွေထဲ ပျော်ရွှင်ခြင်းတွေ ယိုဖိတ်နေတာ သူ မြင်ခဲ့မယ် ထင်ပါတယ် ။ ဒါပေမယ့် ဒေါသတွေ လက်နေတဲ့ မျက်လုံးတွေနဲ့ “မင်း ခုချက်ချင်း ထွက်သွားစမ်း” လို့ နှင်ထုတ်တုန်းက ကျွန်မမျက်ဝန်းတွေထဲ ကြေကွဲခြင်းတွေ ပြည့်လျှံနေတာတော့ သူ မြင်ခဲ့မယ် မထင်ပါဖူး ။
အချစ်ဆိုတာ ဘာလဲလို့ လူတော်တော်များများက အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားကြတယ် ။ သူ နဲ့ ကျွန်မကြားမှာတော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ ရေးချလို့မရနိုင်လောက်အောင် ၊ ပန်းချီကားတချပ်လို စုတ်တံနဲ့ ဆွဲခြစ်မရနိုင်လောက်အောင် နူးညံ့သိမ်မွေ့ တယ်လို့ ကျွန်မက အမြဲယုံကြည်ချင်မိတယ် ။ ၀တ်ရုံအထပ်ထပ်အောက် ဖုံးအုပ်ထားခံရတဲ့ နူးညံ့တဲ့ သူ့ အသည်းနှလုံးကို ထိတွေ့ နိုင်ဖို့ ၊ သူ့ အပေါ်မှာ ဆင်မြန်းထားတဲ့ ၀တ်ရုံတွေကို ခွာချဖို့ ကြိုးစားခဲ့ဖူးတယ် ။ ဘ၀ရဲ့ ခြုံတွေ တောတွေကြား သူ နဲ့ အတူ တိုးခဲ့ရတဲ့ သူ့  ၀တ်ရုံတွေပေါ်မှာ ဆူးတွေက ဟိုတစ ဒီတစ ။ သိပ်လှတယ်လို့ သူ ပြောခဲ့ဖူးတဲ့ ကျွန်မလက်ချောင်းတွေဟာ အဲဒီဆူးတွေကို ဖယ်ဖို့ကြိုးစားရင်းနဲ့ သွေးစွန်းခဲ့ရပေါ့ ။ သူ နဲ့ ကျွန်မကြားက နွယ်ပင်တွေရဲ့ အငွေ့ အသက်တွေက ကျွန်မလက်ချောင်းတွေက ဒဏ်ရာတွေ ကို သူ့ အလိုလို အနာကျက်သွားစေခဲ့တယ် ။ ဒါပေမယ့် သိပ်အေးခဲလွန်းတဲ့ ဆောင်းညတွေမှာတော့ သူ့ ကို အဝေးကကြည့်ရင်း အဲဒီ ဒဏ်ရာတွေ တစစ်စစ်နာလာတတ်တယ် ။ အဲဒီအခါ ဘယ်ဘက်ရင်အုံပေါ် လက်တင်လို့ ကျွန်မ ကြိုးစားအိပ်တတ်လာတယ် ။
ပုံပြောကောင်းတဲ့ သူ့ ကို ကျွန်မက ပုံပြင်လေးတပုဒ် ပြောပြခဲ့ဖူးတယ် ။ ပုံပြင်အဆုံးမှာ သူက မေးခဲ့တယ် ... “ဘာလို့ အဲဒီပုံပြင်ပြောတာလဲ” တဲ့ ။ “လောကမှာ လူတွေဟာ အသိချင်ဆုံးမေးခွန်းတခုအတွက် ဘာမဆို စွန့်လွှတ်ရဲတယ်” လို့ ကျွန်မဖြေတော့ နားမလည်နိုင်သလို ကျွန်မကို သူ ငေးကြည့်ခဲ့တယ် ။
ခုချိန်မှာတော့ ကျွန်မရဲ့ပုံပြင်အဆုံးမှာ ပေးခဲ့တဲ့အဖြေကို သူ နားလည်နိုင်မယ် ထင်ပါတယ် ။
တခါတလေတော့လည်း သူ နဲ့ ကျွန်မတွက် ဝေးဖို့ကံကြမ္မာကို ဘယ်နတ်ဘုရားက အငြိုးကြီးစွာ မဖြစ်မနေ ဆောင်ကျဉ်းလာခဲ့တာလဲလို့ ကောင်းကင်ပြာကြီးကို မော့ကြည့် ရင်ဖွင့်မိတယ် ။ သူသာသိခဲ့ရင်တော့ အကိုကြီးတယောက်လိုလေသံနဲ့ ခုလို ပြောလိုက်လေမလား ... “ဘ၀ဆိုတာ ဖြစ်စဉ်တွေပဲ ။ ငါတို့ရဲ့ အတိတ်တွေဟာ အနာဂတ်ကို ပုံဖော်နေတတ်တယ်” ။
အမှောင်ညမှာ အတွေးတွေ အဆုံးမသပ်ခင် ခပ်ကြမ်းကြမ်းလေက သူ့ အိမ်ရှေ့ က လမ်းမပေါ် မထင်မရှား ရပ်နေတဲ့ ကျွန်မကို ဖြတ် တိုက် သွား တယ် ။ ပြီးတော့ ... ကျွန်မလည်ပင်းမှာ ခပ်လျော့လျော့ချည်ထားတဲ့ အဖြူစွတ်စွတ် သိုးမွေးမာဖလာလေးကို ဆွဲ ငင် ယူ သွားတယ် ။ အ၀ါရောင်မီးလုံးလေးအောက်က သူ့  အိမ်ဘက်ဆီ သို့ .... ။
နှင်းတောထဲက ကျွန်မရဲ့  သူ အကြောင်း (၁)
နှင်းတောထဲက ကျွန်တော့်ကောင်မလေးအကြောင်း (၁)
နှင်းတောထဲက ကျွန်တော့်ကောင်မလေးအကြောင်း (၂)
0 comments:
Post a Comment